Electrostatic discharge ဆိုတာ ဘာလဲ။
မတူညီတဲ့ material နှစ်ခု ပွတ်တိုက်တဲ့အခါ၊ထိတွေ့အခါ static electricity ဆိုတာ ဖြစ်ပေါ်လာပါတယ်။ အဲ့လို ထိတွေ့တဲ့အခါမှာ electron bound တွေ အားနည်းတဲ့ material ရဲ့ electron တွေက ၊ atom ရဲ့ အပြင် shell မှာ နေရာလွတ်တွေ အများကြီး ရှိတဲ့ materialတွေ ဆီ ခုန်ကူးရာကနေ electric charge တွေ စုစည်းလာတာပါ။
Electron ဆုံးရှုံးသွားတဲ့ material က positively charged ဖြစ်လာပြီး Electronတွေ လက်ခံလိုက်တဲ့ ကောင်က negatively charged ဖြစ်လာပါတယ်။
အဲဒီ static charge တွေဟာ တစ်ဖက် နဲ့ တစ်ဖက် တွန်းကန်ကြသလို အနီးအနားဝန်းကျင်ကိုပါ induced လုပ်ရင်း အားကောင်းလာပြီး နှစ်ခုကြား potential differenceဟာလည်း များလာပါတယ်။ အဲ့လို နဲ့ Electrostatic field တွေ အားကောင်းလာပြီး insulation breakdown ဖြစ်ကာ အနီးအနား potential နည်းရာဆီ dischargeလုပ်တာကို Electrostatic dischargeလို့ ခေါ်ပါတယ်။
(ကြုံတုန်း ပြော ရရင် ဆရာ ဦး Than Lwin CE ရဲ့ စာတစ်ပုဒ်မှာ pipe တွေ ပေါက်လို့ weldingနဲ့ ပြုပြင်တဲ့အခါ materialမတူတာကြောင့် Electrostatic field တွေ ဖြစ်ပေါ်တတ်တဲ့အတွက် ရေရှည် မခံကြောင်း မှတ်သားဖူးပါတယ်)
Electrostatic Dischargeကို Tanker တွေမှာ ဘာကြောင့် ထည့်သွင်းစဉ်းစားရသလဲ။?
အပေါ်က ပြောခဲ့သလို insulation breakdown ပြီး charge တွေ စီးဆင်းရာမှာ စွမ်းအင်ကူးပြောင်းမှု အနေနဲ့ အပူကို ထုတ်လွှတ်ပါတယ်။ အဲ့ဒီအပူကနေ spark ဖြစ်လာပြီး Flammable atmosphereနဲ့တွေ့တဲ့အခါ source of ignition ဖြစ်လာပြီး ပေါက်ကွဲမီးလောင်မှု ကို စတင်စေနိုင်ပါတယ်။
အဲဒါကြောင့် Tanker တွေမှာ Electrostatic charge build up မလုပ်စေနိုင်ဖို့ အကာအကွယ်တွေ လုပ်ထားရပါတယ်။
Electrostatic discharge ကို ဘယ်လိုကာကွယ်ကြသလဲ။
Cargo တွေ ပိုက်ထဲ ဆင်းလာတဲ့အခါမှာ Static electricity build upလုပ်နိုင်သလို cargo နဲ့ tank နဲ့ စတွေ့ချိန်မှာ Electrostatic dischargeဖြစ်နိုင်တဲ့အတွက် သူ့ကို ကာကွယ်ဖို့ initial discharge rate တွေ သတ်မှတ်ထားပါတယ်။ အသေးစိတ်က ကုန်းပတ်ကဆရာတွေ ပိုရှင်းပြနိုင်သလို ISGOTT မှာလည်း ရှာဖတ်နိုင်ပါတယ်။
Static Dischargeကို ကာကွယ်တဲ့ နည်းလမ်းက မတူညီတဲ့ potential difference မရှိအောင် bonding လုပ်တာပါ။ Tank Ullageတိုင်းရမှာ သုံးတဲ့ UTI deviceတွေ ၊ Oil spill response အတွက်ထားတဲ့ Diaphragm pumpတွေ ၊ Conductive materialနဲ့ လုပ်ထားတဲ့ Lighting Fixtureတွေ စတာတွေကို Ship Hull နဲ့ earthing လုပ်ထားရပါတယ်။
ပြီးတော့ Cargo hose တွေ သုံးတဲ့အခါမှာလည်း တစ်ဖက်နဲ့ တစ်ဖက် potential difference မရှိစေဖို့ Conductive cargo hose တွေသုံးရပါတယ်။
Terminal နဲ့ Ship နှစ်ခု ကြားရော ဘာလုပ်သလဲ။
.ISGOTT ထဲမှာတော့ Terminal နဲ့ သင်္ဘောကြားမှာ Electrostatic dischargeဆိုတာထက် သူတို့နှစ်ခုကြားက Electric potential differenceကို ကာကွယ်တာ ဆိုပါတယ်။
Ship or shore Power supplyက leak ဖြစ်လာတဲ့ currentကြောင့် ဖြစ်ဖြစ်၊ Cathodic protectionကြောင့်ပဲ ဖြစ်ဖြစ်၊ တခြား အကြောင်း ကြောင့်ပဲ ဖြစ်ဖြစ် သင်္ဘောနဲ့ terminal ကြား Electric potentialရှိလာရင် manifold အဖြုတ်အတပ် မှာ Arc ထွက်လာနိုင်ပါတယ်။
ဒါကိုကာကွယ်ဖို့ ship to shore ကြားမှာ Electrical isolationလုပ်ကြသလို loading arm နဲ့ သင်္ဘောကိုယ်ထည်ကြား bonding wire ချိတ်တာလည်းရှိပါတယ်။
ဒါပေမယ့် Bonding wire မှာ resistanceပမာဏ တစ်ခုရှိနေတာမို့ ship နဲ့ shore ကြား current flow သာရှိခဲ့ရင် bonding wireကတဆင့် အကုန် ဖြတ်မစီးနိုင်တာမို့ ISGOTTက အဲ့ method ကို အားမပေးဘဲ ship/shore Electric isolation ကိုသာ အားပေးထားပါတယ်။ ကုန်းပတ်က လုပ်ဖော်ကိုင်ဖက်တွေကို မေးကြည့်တော့ local regulation နဲ့ Type of cargo ပေါ်မူတည်ပြီး bonding wire လာချိတ်တာရှိသလို ship/shore electric isolationလုပ်တာလည်း ရှိတယ်လို့ ပြောပါတယ်။ Ship/shore Electric isolationအတွက် insulation flange သုံးသလို non Conductive cargo hose သုံးတာလည်းရှိပါတယ်။
ဒီနေရာမှာ Cathodic protectionကို ပိတ် ဖို့ မလိုဘူးလို့ သိရပါတယ်။ Cathodic protection ရှိတဲ့ jetty ကသာ သူ့ systemကို ပိတ်ထားရမယ်ဆိုရင် သင်္ဘောအဝင်အထွက် ရှိရင် ရှိသလို ပိတ်နေရမှာ ဖြစ်တဲ့အတွက် အကျိူးမရှိသလို သင်္ဘောဖက်က ပိတ်မယ်ဆိုလည်း ICCP ရဲ့ currentတွေဟာ ပိတ်ပိတ်ချင်း မပျောက်သေးဘဲ နာရီနဲ့ချီ ရှိနေတာမို့ပါ။
ETO တစ်ယောက်အနေနဲ့ ဘာတွေ လုပ်ရသလဲ?
ကျွန်တော်တို့ အနေနဲ့ အဓိက ထားရမှာက bonding/earth wire တွေပါ။ ကျွန်တော့် အတွေ့အကြုံအရ UTI deviceက bonding cableတွေကို cargo operationsမစခင်တိုင်း/ ဆိပ်ကမ်း မဝင်ခင်တိုင်း စစ်ထားပါတယ်။ လူအမျိုးမျိုးရှိတာမို့ UTI သုံးတဲ့ တချို့က earth wire မရှိရင် လာပြော အသိပေးသလို တချို့ကလည်း လာမပြောတတ်လို့ပါ။ အဲ့ ကြိုး မတတ်ထားရင် ဘာဖြစ်မလဲဆိုတော့ “ဘာမှ မဖြစ်ရင်ဘာမှ မဖြစ်ဘူး၊ဖြစ်ရင်လည်း အကြီးကြီး” ဆိုသလိုပါပဲ။ Inspectionအတွက်လည်း အရေးကြီးသလို safe operationအတွက်လည်း အရေးပါလှပါတယ်။
Conductive materialနဲ့ လုပ်ထားတဲ့ Lightning Fixtureတွေ၊ switchboardတွေ မှာလည်း earth wire ရှိနေဖို့ လိုပါတယ်။
ဒီနေရာမှာ အဲ့ကြိုးတွေက static electric dischargeကို ကာကွယ်နိုင်သလို တကယ်လို့ electric power တစ်ခု bodyကို ရောက်နေရင်လည်း ကိုင်မိတဲ့သူ အတွက် safe ဖြစ်စေပါတယ်။ ပြီးတော့ ship/shore isolationလုပ်ရင် ship side က materialတွေအားလုံးကို Conductive ဖြစ်ထားစေပါတယ်။
သံချေးခေါက် ဆေးသုတ် ပြီးတိုင်း အဲ့ကြိုးလေးတွေ ပျောက်နေတတ် ၊ လွတ်နေတတ်ပါတယ်။
နောက်တစ်ခုက Cargo hose continuity test ပါ။ အများအားဖြင့် Anaual test ဖြစ်ပြီး Cheif officer နဲ့တွဲလုပ်ရတတ်ပါတယ်။ Paper record လည်း ရှိထားဖို့ လိုပါတယ်။
Cargo hose ရဲ့ အစ နဲ့အဆုံး flange to flange resistanceကို တိုင်းပေးရတာပါ။ အဲ့လို တိုင်းရမှာ မှန်ကန်တဲ့ တန်ဖိုး ရဖို့အတွက် ship Hull နဲ့ ထိမနေဖို့လည်း လိုပါတယ်။ ISGOTTက တော့ 0.75 ohms/meter လို့ သတ်မှတ်ထားပြီး သူ့ထက်များနေရင် အဲ့ hose ကို မသုံးရပါဘူး။
နောက်တစ်ခု Non Conductive hose တွေအတွက် Discontinuity test ပါ။ အဲ့ hose တွေက အပေါ်မှာ ပြောခဲ့သိလို ship/shore isolation မှာ သုံးပါတယ်။ သူ့ကိုတော့ 500V tester နဲ့ စမ်းရမှာပါ။ 500V မှာ Flange to flange resistance က 25000 ohms ထက် မနည်းရဘူးလို့ဆိုပါတယ်။
စမ်းမယ့် cargo hose က Conductive Cargo hose လား Non Conductive Hose လား ကြည့်ပြီးတော့ Continuityစမ်းမလား Discontinuityစမ်းမလား ရွေးရပါမယ်။
Cargo hose တွေကို pressure test လုပ်ပြီးတိုင်း Continuity test / Discontinuity test လုပ်ဖို့ လိုတယ်လို့ဆိုပါတယ်။
ကျွန်တော့် ခုလက်ရှိ Companyရဲ့ PMS job description အရ အဲ့ဒါ စမ်းတဲ့အခါ သင်္ဘောက Gas Free ဖြစ်နေရမယ်လို့ ဆိုထားပါတယ်။
ကျွန်တော် ETO အနေနဲ့ ပထမ ဆုံး သင်္ဘောမှာ ဒီ continuity test စစ်တာနဲ့ ကြုံခဲ့ရပါတယ်။ CO ခေါ်လို့သာ deck ကို ရောက်လာတယ်၊ ဘယ်နေရာကို ဘာကြောင့်တိုင်းရမှာလဲ၊ ဘယ်လို တိုင်းရမှာလည်း မသိလို့ တော်တော်တိုင်ပတ်ခဲ့ပါတယ်။
ကျွန်တော် ပြောခဲ့တဲ့အချက်တွေဟာ ကျွန်တော် စီးခဲ့ဖူးတဲ့ သင်္ဘော၊ ကြုံခဲ့ဖူးတဲ့ Cargo အမျိုးအစား ၊ ISGOTT (International Safety Guide for Oil Tankers and Terminals 5th Edition Chapter 3 &17 ) က ကျွန်တော် ဖတ်ဖူးတာ တွေကို မူတည်ပြီး ပြောတာပါ။
အရင်တုန်းက တိုင်ပတ်ဖူးတာရယ်၊ SIRE Observation ထိဖူးတဲ့ အကြောင်းအရာလည်း ဖြစ်တာမို့ အတွေ့အကြုံကို မျှဝေလိုရင်းပါဗျ။




Kyaw Soe Aung
May 31, 2022. Ruen, France .
Leave a comment